SAMSUNG GALAXY S5 NEO ကို ကြိုတင် မှာယူနိုင်ပြီ


တောင်ကိုရီးယားနိုင်ငံ အခြေစိုက် နည်းပညာကုမ္ပဏီ ဖြစ်သည့် Samsung က စမတ်ဖုန်းသစ်များ ဖြစ်သည့် Galaxy S6 နှင့် S6 Edge တို့ကို မိတ်ဆက် ခဲ့ပြီးနောက် Galaxy S5 Neo ကို ချက်နိုင်ငံ၌ ကြိုတင် မှာယူနိုင်ပြီဟု စမတ်ဖုန်းနှင့် ပတ်သက်သည့် အချက်အလက်များ ဖော်ပြနေသည့် GSM ARENA ဝက်ဘ်ဆိုက်မှ ဖော်ပြထားကြောင်း သိရသည်။ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းအရ Galaxy S5 Neo ကို ရောင်းဈေး အမေရိကန် ဒေါ်လာ ၄၉ဝ သတ်မှတ်ထားသည်။ ယင်း စမတ်ဖုန်းသစ်ကို ဇူလိုင် ၃ ရက်တွင် စတင် မှာယူနိုင်မည်ဖြစ်ပြီး ကျန်နိုင်ငံများရှိ ဈေးကွက်များတွင် လည်း ကြိုတင် မှာယူနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။ Galaxy S5 Neo ကို အဖြူနှင့်အမည်း နှစ်ရောင် ရွေးချယ်နိုင်မည် ဖြစ်သည်။

ယင်း စမတ်ဖုန်းတွင် octa-core CPU ကို တပ်ဆင်ထားပြီး 1.6GHz RAM ပါဝင်မည်ဖြစ်သည်။ Samsung ၏ နောက်ဆုံးထုတ် ဖုန်းဖြစ်သည့် Galaxy S6 ကဲ့သို့ ရှေ့ကင်မရာ 5MP ပါဝင်မည် ဖြစ်သည်။ Android ၏ နောက်ဆုံး ဗားရှင်း ဖြစ်သည့် Lollipop ကို အသုံးပြု ထားသည်။

အရွယ်အစားနှင့် မျက်နှာပြင် အရည်အသွေး စသည့် အချက်အလက်များ သည် Galaxy S5 ၏ အရည်အသွေးအတိုင်း ဖြစ်သည်။ Samsung အနေဖြင့် ယခုနှစ် အတွင်း စမတ်ဖုန်း အရေအတွက် အနည်းငယ်သာ ထုတ်လုပ်လိမ့် မည်ဟု သတင်းများမှ ဖော်ပြ ခဲ့ကြသော်လည်း Galaxy S6 အပါအဝင် စမတ်ဖုန်း ခြောက်လုံးခန့် အထိ မိတ်ဆက်ခဲ့ပြီး ဖြစ်သည်။

၂ဝ၁၅ ခုနှစ် နည်းပညာ ဈေးကွက်အတွင်း စမတ်နာရီဈေးကွက်တွင် ယှဉ်ပြိုင်မှု ပိုမို အားကောင်းလာခဲ့ သော်လည်း Samsung အနေဖြင့် စမတ်ဖုန်း ဈေးကွက်ကိုသာ ပိုမို အာရုံစိုက် နေခဲ့သည်။ Galaxy S5 Neo သည် စမတ်ဖုန်း ဈေးကွက်အတွင်း အောင်မြင်နိုင်ဖွယ် ရှိပြီး ဈေးနှုန်း အနေဖြင့်လည်း ဈေးကွက်အတွင်း ကောင်းစွာ ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု လေ့လာသူများက သုံးသပ်ထားကြောင်း သိရသည်။

Credit: Myawady WebPortal

Post a Comment

0 Comments