အင်တာနက် အခြေပြု လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများ Online Payment စနစ်ကို အသုံးပြုနိုင်ပြီ


အင်တာနက် ဆက်သွယ်မှုပေါ်မှတစ်ဆင့် အရောင်းအဝယ်ဆိုင်ရာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ အနေဖြင့် ရောင်းသူနှင့် ဝယ်သူ အကြား ငွေပေးချေခြင်း ဆိုင်ရာ ကိစ္စရပ်များကို Online Payment စနစ်ဖြင့် ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်တွင်းရှိ MPU ကတ် သုံးစွဲသူများအတွက် အွန်လိုင်းပေါ်မှ ငွေပေးချေမှုပြုလုပ်ပြီး ဈေးဝယ်နိုင်မည့် ဝန်ဆောင်မှုကို ပုဂ္ဂလိက ဘဏ်လုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာငွေပေးချေမှု အဖွဲ့အစည်း (Myanmar Payment Union- MPU) မှ သတင်းရရှိသည်။

အွန်လိုင်းကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှု (E-Commerce) တစ်ခုဖြစ်သည့် အဆိုပါစနစ်ကို ပြည်တွင်းရှိ MPU ကတ် အသုံးပြုသူများအတွက် ရည်ရွယ်ပြီး ယခုလတ်တလောတွင် စီးပွားရေးလုပ်ငန်းအချို့နှင့် စတင်၍ အင်တာနက်ပေါ်မှတစ်ဆင့် ငွေပေးချေမှုများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း MPU ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် 2C2P ကုမ္ပဏီနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များအတွက် ပူးပေါင်းထားသော MPU အနေဖြင့် ပြည်တွင်း MPU ကတ်သုံးစွဲသူများအတွက် Online Payment စနစ်ကို ဆောင်ရွက်ပေးလိုက်ခြင်းဖြစ်သည်။ အွန်လိုင်းပေါ်မှတစ်ဆင့် E-Commerce လုပ်ငန်းများကို လုပ်ဆောင်နိုင်မည့် အဆိုပါ ဝန်ဆောင်မှုသည် မြန်မာနိုင်ငံအတွင်း၌သာမကဘဲ အာရှဒေသတွင်း နိုင်ငံများတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ပထမဆုံး အကောင်အထည်ဖော်လိုက်သည့် အဆိုပါ ဝန်ဆောင်မှုသည် အာရှဒေသ နိုင်ငံများအတွင်း MPU ကတ်များဖြင့် အွန်လိုင်းပေါ်မှတစ်ဆင့် ငွေပေးချေသည့် စနစ်ကို အသုံးပြုလာနိုင်မည်ဖြစ်သည်။

“ပြည်တွင်းက MPU ကတ် အသုံးပြုသူတွေအားလုံး သုံးနိုင်မယ့် ဝန်ဆောင်မှုပါ။ 2C2P က ကျွန်တော်တို့ရဲ့ service provider တစ်ခုအနေနဲ့ လက်တွဲ လုပ်ကိုင်လိုက်တာ ဖြစ်ပါတယ်။ လောလောဆယ် လေကြောင်းလိုင်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကို အွန်လိုင်းကနေ လုပ်ဆောင်နိုင်မှာပါ” ဟု MPU ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးဇော်လင်းထွဋ် က ပြောကြားသည်။

ယခုလက်ရှိအချိန်တွင် ပြည်တွင်း၌ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကိုယ်ပိုင်စာမျက်နှာများ ဖွင့်လှစ်၍ တပိုင်တနိုင် လုပ်ကိုင်လာသည့် အသေးစား စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း ရောင်းသူ၊ ဝယ်သူကြား ငွေပေးချေမှုကိစ္စရပ် များအတွက် အဆိုပါ Online Payment စနစ်ကို အသုံးပြုနိုင်ပြီဖြစ်သည်။

“အခုဆို Facebook ပေါ်ကနေ ဈေးရောင်းတာတွေ အရမ်းများလာတယ်။ အဲ့ဒီလို အွန်လိုင်းစီးပွားရေး လုပ်ငန်းလေးတွေ အရမ်းများလာတာကို သဘောကျတယ်။ ကြိုဆိုတယ်။ ဒါပေမဲ့ ငွေပေးချေတဲ့အပိုင်းမှာ ပြဿနာလေးတွေ ရှိနေတယ်။ အများစုက အွန်လိုင်းပေါ်က ငွေပေးချေနိုင်တဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သိတာ နည်းနေသေးလို့ ထင်ပါတယ်။ အွန်လိုင်းပေါ်က ငွေပေးချေတဲ့ကိစ္စ အဆင်ပြေရင် ဒီလုပ်ငန်းတွေ ပိုတိုးတက်လာဖို့သေချာတယ်” ဟု အင်တာနက် ပေါ်မှတစ်ဆင့် ပုံမှန်ဈေးဝယ်လေ့ရှိသည့် မသဉ္ဖာချိုက ပြောသည်။

MPU နှင့် 2C2P တို့သည် အွန်လိုင်းပေါ်မှ ငွေပေးချေနိုင်သည့် ဝန်ဆောင်မှုအတွက် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုကို လေကြောင်းလိုင်းအချို့တွင် စတင်နေပြီဖြစ်သည်။
အွန်လိုင်းငွေပေးချေသည့် အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုလိုသူများသည် မိမိတို့ လက်ရှိ အသုံးပြုနေသည့် MPU ကတ်များကို သက်ဆိုင်ရာ ဘဏ်များ၌ မှတ်ပုံတင်ခြင်းကို ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ သို့သော် နောက်ပိုင်းထုတ်လုပ်မည့် MPU ကတ်များတွင်မူ အဆိုပါစနစ်ကို အသုံးပြုမည်ဆိုပါက တစ်ပါတည်း ထည့်သွင်းပေးလာမည်ဖြစ်ကြောင်း သိရသည်။
Credit: Internet Journal

Post a Comment

0 Comments