Sony က အိန္ဒိယနိုင်ငံ၌ စမတ်ဖုန်းများ ထုတ်လုပ်ရန် စီစဉ်


ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်သည့် ဆိုနီက ဈေးကွက် ချဲ့ထွင်မှု များ ပြုလုပ်ရန် အတွက် အိန္ဒိယ နိုင်ငံတွင် စမတ်ဖုန်းများ ထုတ်လုပ်ရန် စီစဉ် နေကြောင်း စမတ်ဖုန်းနှင့် ပတ်သက်သည့် အချက် အလက်များ ဖော်ပြနေ သည့် GSM Arena ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ ဈေးကွက်သည် ကမ္ဘာ့ တတိယ အကြီးဆုံး စမတ်ဖုန်း ဈေးကွက်ဖြစ်ပြီး ယင်း ဈေးကွက်အတွင်း စမတ်ဖုန်းများ ထုတ်လုပ်ပါက ဈေးကွက် အောင်မြင်မှု ရရှိနိုင်လိမ့်မည်ဟု လေ့လာသူများက ခန့်မှန်းထားသည်။

လက်ရှိတွင် Samsung ကုမ္ပဏီက ၎င်းတို့၏ Tizen OS သုံး Z1 ဖုန်းများကို အိန္ဒိယ ဈေးကွက်တွင် ရောင်းချ နေပြီး အလုံးရေ တစ်သန်းခန့် ရောင်းချ ခဲ့သည်။ ကမ္ဘာ့ အကြီးဆုံး စမတ်ဖုန်း ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ ဈေးကွက် ၌ စမတ်ဖုန်း ဈေးကွက် ပိုမို ရရှိနိုင်ရန် ယှဉ်ပြိုင်မှုများ အားကောင်း လာချိန်တွင် ဆိုနီ အနေဖြင့် အိန္ဒိယနိုင်ငံ ဈေးကွက်ကို ရွေးချယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ ဆိုနီ အနေဖြင့် လာမည့် နှစ်နှစ် အတွင်း အိန္ဒိယ ဈေးကွက်ကို အခြေချနိုင်ဖွယ် ရှိကြောင်း သတင်းများက ခန်းမှန်း ဖော်ပြကြသည်။

လက်ရှိတွင်  စမတ်ဖုန်း ဈေးကွက်ဝေစု ရယူနိုင်မှုတွင် တောင်ကိုရီးယား နိုင်ငံ အခြေစိုက် Samsung ကုမ္ပဏီက ထိပ်ဆုံးမှ ဦးဆောင်နေပြီး Apple ကုမ္ပဏီက ဒုတိယ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။

စမတ်ဖုန်း ဈေးကွက်၏ တတိယနေရာ ရယူနိုင်ရန် အတွက် တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီများက ကြိုးစား လာကြချိန်တွင် ဆိုနီကုမ္ပဏီက ဈေးကွက်ဝေစုကို ပိုမို ရယူနိုင်ရန် အိန္ဒိယ ဈေးကွက်ကို အခြေချရန် စီစဉ်လာခြင်း ဖြစ်သည်။ ဆိုနီက ကင်မရာ အရည်အသွေးမြင့် စမတ်ဖုန်းများကို ထုတ်လုပ် ထားရှိသည်။ Xperia Z စီးရီး စမတ်ဖုန်းများတွင် ကင်မရာ အရည်အသွေး မြင့်မားမှု အပြင် ရေအောက် အနက် တစ်မီတာတွင် မိနစ် ၃ဝ ရေစိမ် ခံနိုင်သည့် စွမ်းဆောင်ရည်များဖြင့် ဈေးကွက်ကို ထိုးဖောက် နေကြောင်း သိရသည်။

Credit: Myawady WebPortal

Post a Comment

0 Comments