XIAOMI က အသစ်ထုတ်လုပ်မည့် RED MI NOTE 2 ဖုန်း အချက်အလက် များ ပေါက်ကြား


တရုတ်နိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီ Xiaomi မှ အသစ် ထုတ်လုပ်မည့် စမတ်ဖုန်း Red Mi Note 2 စမတ်ဖုန်း၏ အချက်အလက်များ ပေါက်ကြား ခဲ့ရသည်ဟု စမတ်ဖုန်း သတင်းများ ဖော်ပြနေသည့် GSM Arena ဝက်ဘ်ဆိုက်၌ ဖော်ပြထားကြောင်း သိရသည်။

ယခင် ထုတ်လုပ်ခဲ့သည့် Red Mi Note သည် ကမ္ဘာ့ အကြီးဆုံး စမတ်ဖုန်း ဈေးကွက် ဖြစ်သည့် တရုတ်နိုင်ငံ ဈေးကွက်အတွင်း၌ iPhone 6 Plus ကို ကျော်ဖြတ်ပြီး ရောင်းအား အကောင်းဆုံး ဒုတိယ နေရာတွင် ရပ်တည် နိုင်ခဲ့သည်။

ပေါက်ကြားခဲ့သော သတင်းများ အရ အသစ် ထုတ်လုပ်မည့် Red Mi Note 2 သည် အရွယ်အစား ၅ ဒသမ ၅ လက်မ ရှိမည်ဖြစ်ပြီး မျက်နှာပြင် အရည်အသွေး HD ရှိမည်ဖြစ်သည်။ ယင်း ဖုန်းသစ်တွင် Quad-core Cortex-A53 CPU ကို အသုံးပြု ထားသည်။ Red Mi Note 2 တွင် ကင်မရာ အရည်အသွေး 13MP ပါဝင်မည် ဖြစ်ပြီး ရှေ့ကင်မရာ အရည်အသွေး 5MP ရှိမည်ဟု ဖော်ပြထားသည်။

Red Mi Note စမတ်ဖုန်း မိတ်ဆက်ခဲ့ချိန်တွင် တရုတ်နိုင်ငံ ဈေးကွက်အတွင်း သုံးမိနစ် အတွင်း ရောင်းကုန် ခဲ့သည်။ အသစ် ထုတ်လုပ်မည့် Red Mi Note 2 သည် ဈေးကွက်တွင်း စိတ်ဝင်စားမှု ပိုမို ရရှိနိုင်သည် ဟုလည်း လေ့လာသူ များက သုံးသပ်ကြသည်။

Xiaomi အနေဖြင့် ယခုနှစ် ပထမ လေးလပတ် အတွင်း ကျင်းပခဲ့သည့် Xiaomi အရောင်းပွဲတော်တွင် အွန်လိုင်းမှ တစ်ဆင့် စမတ်ဖုန်း အလုံးရေ နှစ်သန်းခန့် ရောင်းချခဲ့ရပြီး Red Mi Note 2 ကို ယခုနှစ် နှစ်ကုန် ပိုင်းတွင် ထုတ်လုပ်ဖွယ် ရှိကြောင်း ခန့်မှန်းထားသည်။

Xiaomi အနေဖြင့် မလေးရှား၊ အင်ဒိုနီးရှား၊ တိုင်ဝမ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ ဈေးကွက်များကို အဓိကထား ရောင်းချနေပြီး ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ကို ချဲ့ထွင်နိုင်ရန် အမေရိကန်နိုင်ငံ ဈေးကွက်အတွင်း Xiaomi အရောင်းဆိုင်များ ဖွင့်လှစ်ထားခဲ့ကြောင်း သိရသည်။

Credit: Myawady WebPortal

Post a Comment

0 Comments