နည်းပညာတက္ကသိုလ် ဘားကမ့် ပခုက္ကူ နှင့် လားရှိုး


နည်းပညာတက္ကသိုလ် ပခုက္ကူ ၏ ပထမအကြိမ် ဘားကမ့်
+++++++++++++++++++++++++++++++

ကျင်းပမည့် ရက် -  ဇူလိုင် (၄)
ကျင်းပမည့်နေရာ- နည်းပညာတက္ကသိုလ် ပခုက္ကူ
ကျင်းပမည့်အချိန်-  နံနက် (၇) နာရီ မှ ညနေ (၅) နာရီ

ပထမအကြိမ်အဖြစ် BarCamp TU-Pakokku 2015 ကို နည်းပညာတက္ကသိုလ် ပခုက္ကူ တွင် ဇူလိုင်လ (၄) ရက် စနေနေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ နယ်ပယ်ပေါင်းစုံမှ အသိပညာရှင်၊ အတတ်ပညာရှင်၊ စာပေပညာရှင်၊ အနုပညာရှင်များက အင်ဂျင်နီယာပညာ၊ သိပ္ပံနှင့်နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စီးပွားရေး၊ စီမံခန့်ခွဲမှု၊ အင်္ဂလိပ်စာ စသည့် ခေါင်းစဉ်ပေါင်းများစွာဖြင့် ဦးဆောင်ဆွေးနွေး အသိပညာဝေမျှသွားမည် ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူ၊ ဆရာ ဆရာမ များနှင့် ၀န်ထမ်းများ၊ ပြင်ပမှတက်ရောက်သူများစုစုပေါင်းဦးရေ ( ၂၅၀၀ ) ခန့် တက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ အသိပညာ၊ အတတ်ပညာ၊ နည်းပညာဆိုင်ရာနယ်ပယ် အသီးသီးမှာပညာရှင် ( ၅၀ ) ဦးခန့် တတ်ရောက်ဆွေးနွေး မည်ဟုမျှော်လင့်ထားကြောင်း ဖြစ်မြောက်ရေးအဖွဲ့ကပြောကြားထားသည်။

မြို့ပြနှင့်နယ်ဒေသမှ လူငယ်များအကြား အသိပညာကွာဟမှုကျဉ်းမြောင်းလာစေရန် ကျောင်းသား ကျောင်းသူ ဆရာ၊ဆရာမ ဝန်ထမ်းများနှင့် ဒေသခံလူငယ်များအား နယ်ပယ်ပေါင်းစုံမှ အသိပညာ ဗဟုသုတတို့ကို သိရှိပြီး လေ့လာမျှဝေနိုင်ရန် ရည်ရွယ်ပြီးBarCamp TU-Pakokku 2015 ပွဲကြီးကို ကျင်းပရခြင်းဖြစ်သည်ဟု ဆိုသည်။

ဇူလိုင် ( ၄ ) ရက်နေ့ မနက် ( ၇ ) နာရီတွင် နည်းပညာတက္ကသိုလ် ပခုက္ကူ တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး အခန်း ( ၉ ) ခန်းတွင် Barcamper များက တစ်ဦးလျှင် တစ်နာရီနှုန်းဖြင့် ဦးဆောင်ဆွေးနွေး အသိပညာဝေမျှသွားမည်ဖြစ်ကြောင်း၊ ညနေ ( ၅ ) နာရီတွင်ပိတ်ပွဲ အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ BarCamp TU-Pakokku 2015 တွင် အခန်းအရေအတွက် (၉) ခန်း၊ အချိန် ( ၆ ) ချိန်၊ ခန့်မှန်းခေါင်းစဉ်ပေါင်း ( ၅၄ ) ခုဖြင့်အသိပညာဝေမျှမည်ဖြစ်ပြီး တစ်ခန်းတွင် လူဦးရေ ( ၁၀၀ ) ခန့်ဝင်ဆန့်ကြောင်း၊ အခန်းများလိုအပ်ပါက တိုးချဲ့ရန် အရံအခန်းများကိုလည်း စီစဉ်ထားကြောင်း သိရသည်။

နည်းပညာတက္ကသိုလ် ပခုက္ကူ ကျောင်းအုပ်ဆရာကြီးဒေါက်တာအောင်ကျော်စိုး။ ဋ္ဌာနမှုးများ ၊ဆရာ ဆရာမများ၊ BarCampPakokku Organizer Team တို့၏ အကြံဉာဏ် အကူအညီဖြင့် BarCamp TU-Pakokku2015 ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။

BarCamp TU-Pakokku Organizer အဖွဲ့ကို Admin Team, Public Relation (PR), Tech Support Team, Funds Team, Financial Marketing Team ဟူ၍ ဖွဲ့စည်းထားသည်ဟု သိရပြီး ထိုဘားကမ့်ပွဲဖြစ် မြောက်ရေးအတွက် Europe and Asia Commercial Co;Ltd မှ Goody ထုတ်ကုန်များ၊ ဖီးနစ် ဒစ်ဂျစ်တယ် ကတ္တား၊ထက်မြတ်မိုဘိုင်း၊ ရွှေပြည်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ OTT စက်သုံးဆီအရောင်းဆိုင်၊ Royal Green သောက်ရေသန့်၊ SNOW သောက်ရေသန့်၊ Bagan Regalia ဟိုတယ်၊ အောင်သရဖူဟိုတယ်၊ ဟေမာန်နှင်း ဟိုတယ်၊ ခေတ်ရှေ့ဆောင် ခန်းမတို့မှ ကူညီပံ့ပိုးပေးထားကြောင်း သိရသည်။

နည်းပညာတက္ကသိုလ် (လားရှိုး) ဘားကမ့်
+++++++++++++++++++++++

ကျင်းပမည့်ရက်         - ဇူလိုင် (၁) ရက်

ကျင်းပမည့်နေရာ       - နည်းပညာတက္ကသိုလ် (လားရှိုး)

အချိန်                       - နံနက် (၈) နာရီမှ ညနေ (၅) နာရီ

ကျင်းပရတဲ့ရည်ရွယ်ချက်

နည်းပညာတက္ကသိုလ်(လားရှိုး) က ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းမိသားစုတွေ၊ လားရှိုးမြို့နယ်က ဒေသခံလူငယ်တွေနဲ့ အခြားဒေသတွေက တက်ရောက်လာတဲ့ Barcamper တွေ အသိပညာ၊ အတတ်ပညာနဲ့ ဗဟုသုတတွေ မျှဝေ လေ့လာဖလှယ် နိုင်စေဖို့ ရည်ရွယ်ပါတယ်။

အစီအစဉ်

၁.၇.၂၀၁၅ ရက်နေ့၊ နံနက်(၈း၀၀) နာရီ အချိန်မှာ နည်းပညာတက္ကသိုလ်(လားရှိုး) ဥပစာရင်ပြင်မှာ ဖွင့်ပွဲ အခမ်းအနား ကျင်းပပါမယ်။ ဖွင့်ပွဲအခမ်းအနား ပြီးတာနဲ့ သိပံ္ပရတနာခန်းမနဲ့ စာသင်ခန်းများမှာ Speaker တစ်ဦးလျှင် (၄၅) မိနစ်နှုန်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ညနေ (၅း၀၀) နာရီ အချိန်မှာ ဘားကမ့် နည်းပညာတက္ကသိုလ်(လားရှိုး) ၂၀၁၅ ပိတ်ပွဲ အခမ်းအနားကို ကျင်းပမှာဖြစ်ပါတယ်။

စတင်ကျင်းပဖြစ်ပုံ

Barcamp Lashio 2013 မှာ နည်းပညာတက္ကသိုလ်(လားရှိုး) ကျောင်းသား၊ ကျောင်းသူ အချို့ လုပ်အားပေးလူငယ်များအဖြစ် ကူညီဆောင်ရွက်ခဲ့ကြပြီး ဘားကမ့်ရဲ့ အကျိုးကျေးဇူးတွေကို ကိုယ်တိုင် သိရှိခံစား ခဲ့ကြပါတယ်။ Barcamp Lashio 2014 မှာ နယ်ပယ်ပေါင်းစုံက ပညာရှင်တွေ၊ Barcamp Lashio 2014 Organizer တွေ၊ နည်းပညာတက္ကသိုလ်(လားရှိုး) က စေတနာ့ဝန်ထမ်းတွေ စုပေါင်းပြီး နည်းပညာ တက္ကသိုလ်(လားရှိုး) မှာ ဘားကမ့် ကျင်းပ ပြုလုပ်နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဘားကမ့် နည်းပညာတက္ကသိုလ်(လားရှိုး) ၂၀၁၄ ကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စက်မှုနှင့်သက်မွေးပညာဦးစီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၄ခုနှစ်၊ ဇွန်လ(၂၅) ရက်နေ့မှာ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များရဲ့ ကူညီပံ့ပိုးမှု၊ နည်းပညာတက္ကသိုလ်(လားရှိုး) စီမံခန့်ခွဲရေးအဖွဲ့တို့ရဲ့ ကြီးကြပ်လမ်းညွှန်မှုတွေနဲ့ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။

ဘားကမ့် နည်းပညာတက္ကသိုလ်(လားရှိုး) ၂၀၁၅ Organizer များ ဘားကမ့် လားရှိုး 2015 Orgainzer များအဖြစ်နဲ့ ဘားကမ့်ရန်ကုန် ၂၀၁၅ မှာ လုပ်အားပေးများအဖြစ် ကူညီဆောင်ရွက်ခဲ့ကြပြီး  ဘားကမ့် နည်းပညာတက္ကသိုလ်(လားရှိုး) ၂၀၁၅ ကျင်းပနိုင်ရေးအတွက် အတွေ့အကြုံ ရယူခဲ့ကြပါတယ်။ ယခင်နှစ် ဘားကမ့် နည်းပညာတက္ကသိုလ်(လားရှိုး) က ရခဲ့တဲ့ အတွေ့အကြုံတွေ၊ ၂၀၁၅ ခုနှစ်အတွင်း ကျင်းပတဲ့ ဘာကမ့်တွေက ရတဲ့အတွေ့အကြုံတွေကို နမူနာယူပြီး နည်းပညာတက္ကသိုလ်(လားရှိုး) ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ခိုင်ခိုင်အောင်၊ မော်ကွန်းထိန်း၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ နဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ အာပေးကူညီမှုတွေ၊ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပံ့ပိုးမှုတွေနဲ့ ဘားကမ့် နည်းပညာတက္ကသိုလ်(လားရှိုး) 2015 ကို ဇူလိုင်လ (1) ရက်နေ့မှာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနဲ့ ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ကျင်းပမှာဖြစ်ပါတယ်။

ပွဲနေရာ

လူဦးရေ (၁၀၀၀) ခန့်ဝင်ဆံ့တဲ့ သိပ္ပရတနာခန်းမကို ပင်မအခန်းအဖြစ်နဲ့ လူဦးရေ (၈၀) ဝင်ဆံ့တဲ့ စာသင်ခန်း (၈) ခန်းကြိုတင်ပြင်ဆင်ထားပါတယ်။ လိုအပ်ချက်အရ အခန်းများလိုအပ်လာရင်လည်း အဆင်သင့် ထပ်မံဖြည့်ဆည်းပေးဖို့ ပြင်ဆင်ထားပါတယ်။

တက်ရောက်လာသူများ ရရှိမည့်အခွင့်အရေး

သိသာထင်ရှားတဲ့ အခွင့်အရေးကတော့ မိမိသိရှိတာတွေကို မျှဝေပေးနိုင်ပြီး မသိသေးတာတွေကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်သိပြီးသား ပညာရပ်တစ်ခု၊ အကြောင်းအရာတစ်ခုကို သိထားတာထက် ပိုသိလာမယ်၊ သိထားတာတွေလည်း လွတ်လွတ်လပ်လပ် မျှဝေနိုင်မယ်၊ အမြဲဆန်းသစ်နေတဲ့ နည်းပညာတွေကို ပွင့်လင်းလွတ်လပ်စွာ ဝင်ရောက်ဆွေးနွေးဖလှယ်နိုင်ပါမယ်။ လုပ်ငန်းနယ်ပယ်အသီးသီးမှာ အမှန်တကယ် ဝင်ရောက် လုပ်ကိုင်နေတဲ့ ပညာရှင်တွေဆီက အဖိုးတန်တဲ့ ပညာရပ်ဆိုင်ရာ အချက်အလက်တွေကို မျှဝေနိုင်ပါတယ်။ ကိုယ်နဲ့ ဝါသနာချင်း၊ အမြင်ချင်းတူတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ရရှိပြီး အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်မယ့် Community တစ်ခု ပိုင်ဆိုင်လာနိုင်ပါမယ်။ Barcamp တက်ရောက်လာသူရဲ့ ခံယူချက်ပေါ်မူတည်ပြီး အကျိုးကျေးဇူးတွေ အများကြီး ရရှိမှာ ဖြစ်ပါတယ်။

ခေါင်းစဉ် ဘယ်နှစ်ခုလောက်ဆွေးနွေးမလဲ

ပြင်ဆင်ထားတဲ့ အခန်းအရေအတွက်နဲ့ အချိန်နဲ့ တွက်ကြည့်ရင် ခန့်မှန်းခေါင်းစဉ် (၄၀) ကျော်လောက် ဆွေးနွေးကြပါမယ်။ ဘားကမ့်ရဲ့ ထုံးစံအရ ဝါသနာတူတွေ စုပြီး ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ် ဆွေးနွေး မယ့် ခေါင်းစဉ်ငယ်တွေလဲ အများကြီးရှိနိုင်ပါတယ်။ နယ်ပယ်ပေါင်းစုံက အသိပညာရှင်၊ အတတ်ပညာရှင်တွေ အင်ဂျင်နီယာဘာသာရပ်၊ သိပ္ပံနဲ့ နည်းပညာ၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ၊ လူမှုရေး၊ ကျန်းမာရေး၊ အလှအပနဲ့ သဘာဝပတ်ဝန်းကျင်အရေးတွေကို ဆွေးနွေးသွားကြမယ်လို့ မျှော်လင့်ရပါတယ်။

အဝေးကလာမည့်သူများအတွက် တည်းခိုရန်နှင့် သယ်ယူပို့ဆောင်ရေး

ရန်ကုန်မှ လာရောက်မယ့် Barcamper တွေအတွက် ရန်ကုန်-လားရှိုး အသွားအပြန် ကားလက်မှတ်ကို လူဦးရေ အကန့်အသတ်နဲ့ စီစဉ်ပေးထားပါတယ်။ နယ်ဝေးကနေ လာရောက်မယ့် Barcamper တွေ တည်းခိုနေထိုင်ရေးအဆင်ပြေအောင်လဲ စီစဉ်ပေးထားပါတယ်။ မြို့တွင်းကနေ ဘားကမ့်ကျင်းပမယ့် နည်းပညာတက္ကသိုလ် (လားရှိုး) အသွား-အပြန်ကိုလည်း ဘားကမ့် Organizer Team က စီစဉ်ပေးမှာ ဖြစ်ပါတယ်။

ဖြစ်မြောက်အောင် ကူညီပံ့ပိုးသူများ

နည်းပညာတက္ကသိုလ်(လားရှိုး) စီမံခန့်ခွဲရေးအဖွဲ့နဲ့ ဆရာ၊ ဆရာမများ။ ဝန်ထမ်းများ၊ Organizer တွေရဲ့ မိသားစုဝင်များ၊ မိတ်ဆွေများ၊ Barcamp Lashio အဆက်ဆက်က Organizer တွေ၊ ဘားကမ့် နည်းပညာတက္ကသိုလ်(လားရှိုး) ၂၀၁၄ တုန်းက Organizer တွေ ဆီကနေ ကောင်းမွန်တဲ့ အကြံပြုချက်တွေ ပံ့ပိုးကူညီရခဲ့ပါတယ်။ ကူညီပံ့ပိုးသူများကတော့ Golden Horse Supermarket၊ Shining Myanmar Co., Ltd၊ Pan Khon Mining & Construction Co., Ltd၊ Royal Heart Purified Drinking Water၊ ကြည်သာကုန်စုံဆိုင်၊ ပစ်တိုင်းထောင် စက်သုံးဆီရောင်းဝယ်ရေး၊ Arrow Computer Sales & Service၊ MST Computer & Mobile၊ Sweet Computer & Mobile၊ Matrix Computer & ICT Training Center၊ Media Partner အဖြစ် Internet Journal နဲ့ Refreshment Sponsor အဖြစ် ရွှေသီပေါသောက်ရေသန့်နဲ့ Royal Heart သောက်ရေသန့်တို့က ကူညီပံ့ပိုးပေးထားပါတယ်။

Credit: Internet Journal

Post a Comment

0 Comments