ယခုနှစ် အတွင်းမှာ ပြောင်းလဲလာမယ့် မိုဘိုင်းလ် နည်းပညာ ဈေးကွက် အလားအလာ


ယခုနှစ် ပထမ လေးလပတ်ကို ဖြတ်သန်းခဲ့ ပြီးပါပြီ။ ဒီ လေးလ အတွင်းမှာ ထိပ်တန်း နည်းပညာ ကုမ္ပဏီတွေက ၎င်းတို့ရဲ့ ထုတ်ကုန်တွေ အဖြစ် စမတ်ဖုန်း အသစ်တွေနဲ့ စမတ်နာရီတွေကို ထုတ်လုပ် မိတ်ဆက် ခဲ့ပါတယ်။
၂ဝ၁၄ ခုနှစ် အတွင်းမှာ စမတ်ဖုန်း ဈေးကွက်ရဲ့ တတိယနေရာဟာ  ခက်ခဲတဲ့ မေးခွန်း ဖြစ်ပါတယ်လို့ နည်းပညာ သတင်း ရေးသားဖော်ပြနေတဲ့ သတင်းဌာနတွေက သုံးသပ် ကြပါတယ်။  ဒီနှစ် မှာတော့ စမတ်ဖုန်း ဈေးကွက်ထဲမှာ ကွာဟမှုက ပိုပြီး ကျဉ်းမြောင်း လာပါတယ်။
ယခုနှစ် ပထမ လေးလပတ်မှာ ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ရဲ့ ပထမနေရာကို တောင်ကိုရီးယား နိုင်ငံ အခြေစိုက် SAMSUNG က ရယူနိုင်ခဲ့ပြီး ဒုတိယ နေရာမှာတော့ APPLE က ရပ်တည် နေပါတယ်။ ကမ္ဘာ့ အကြီးဆုံး စမတ်ဖုန်း ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံ ဈေးကွက် အတွင်းမှာတော့ APPLE တို့ရဲ့ iPhone 6 က ရောင်းအား အကောင်းဆုံး စံချိန် တင်ခဲ့သလို တရုတ်နိုင်ငံ ဈေးကွက်ဟာလည်း APPLE ရဲ့ အမေရိကန် ပြည်ထောင်စု ပြီးရင် ဒုတိယ အကြီးဆုံး ဈေးကွက် ဖြစ်လာ ခဲ့ပါတယ်။
ပြိုင်ဆိုင်မှုတွေ ပိုပြီး ပြင်းထန်လာတဲ့ အချိန်မှာ မေ့ထားလို့ မရတာက တရုတ်နိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီတွေရဲ့ အခန်း ကဏ္ဍပါ။ တရုတ်နိုင်ငံ ဈေးကွက် အတွင်းမှာ တရုတ် အခြေစိုက် Xiaomi ရဲ့ Red Mi Note က ဒုတိယ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ APPLE ရဲ့ iPhone 6 Plus ကတော့ တတိယ နေရာမှာပါ။
ယခုနှစ်ရဲ့ ကျန်ရှိနေတဲ့ ကာလတွေမှာ စမတ်ဖုန်းတွေ အပြင် ဘယ်လို နည်းပညာ ပစ္စည်းတွေက ပိုပြီး ရှေ့တန်း ရောက်လာမယ် ဆိုတာကို နည်းပညာ သတင်း ဝက်ဘ်ဆိုက်တွေရဲ့ ခန့်မှန်းထားချက်တွေ ထဲက ကောက်နုတ် ဖော်ပြ လိုက်ပါတယ်။ ဒါဆိုရင် နည်းပညာ ဈေးကွက်ထဲက ဘယ်ကုမ္ပဏီတွေ ရှေ့တန်း ရောက်လာမလဲ ဆိုတာ ခန့်မှန်း နိုင်တာပေါ့။
စမတ် နာရီတွေ အားပြိုင်မှုပိုလာမယ်
လက်ရှိ စမတ်ဖုန်း ဈေးကွက်အပြင် ထိပ်တန်း နည်းပညာ ကုမ္ပဏီ တွေက စမတ်နာရီ ဈေးကွက်မှာပါ ယှဉ်ပြိုင်မှုတွေ ပိုပြီး လုပ်လာ နေပါတယ်။ ဒီလ အတွင်းမှာပဲ APPLE က စမတ်နာရီသစ် တစ်လုံး မိတ်ဆက်ထားသလို တောင်ကိုရီးယားနိုင်ငံ အခြေစိုက် SAMSUNG ကလည်း သူ့ရဲ့ သတ္တမမြောက် မျိုးဆက် စမတ်နာရီကို ထုတ်လုပ်မယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။ တခြား ကုမ္ပဏီ အများအပြားကလည်း စမတ် နာရီတွေ ထုတ်လုပ်ဖို့ ပြင်ဆင် လာနေပါပြီ။
ဒီဈေးကွက်ထဲကို တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီတွေ ဝင်လာရင် ဘာဖြစ်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
4G ကွန်ရက်စနစ်
ကွန်ရက် ဝန်ဆောင်မှု ပေးနေတဲ့ ကမ္ဘာကျော် ကုမ္ပဏီတွေက ယခုနှစ် အတွင်းမှာ 4G ကွန်ရက် စနစ်ကို ပိုပြီး တိုးချဲ့ ဝန်ဆောင်မှု ပေးဖို့ အတွက် ပြင်ဆင်နေကြ ပါတယ်။ ၂ဝ၁၆  ခုနှစ် အထိ စီမံကိန်း ရေးဆွဲပြီး အကောင်အထည် ဖော်နေတာပါ။ ဒါပေမဲ့ ယခုနှစ် ပထမ လေးလပတ် အကုန်ပိုင်းမှာ ထွက်လာတဲ့ သတင်း တစ်ခုက Nokia ကုမ္ပဏီဟာ 5G ကွန်ရက်စနစ်ကို စမ်းသပ် အောင်မြင် ခဲ့ပါတယ်။ ကမ္ဘာ့ နည်းပညာ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေ ဘယ်လမ်းကြောင်းကို သွားကြမလဲ။ ကွန်ရက် ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီကြီးတွေ အနေနဲ့တော့ ယခုနှစ် ပထမ လေးလပတ် အတွင်းမှာ 4G ကွန်ရက် ဝန်ဆောင်မှု ကနေ ယမန်နှစ်ကထက် ဝင်ငွေ ပိုခဲ့ပါတယ်။
Phablet တွေရဲ့နှစ် ဖြစ်လာမလား
အရွယ်အစား ကျစ်လျစ်တဲ့ စမတ်ဖုန်းတွေနဲ့ သယ်ဆောင်ရ ခက်ခဲတဲ့ တက်ဘလက်တွေရဲ့ ကြားမှာ မျက်နှာပြင် အရွယ်အစား ကြီးမားတဲ့ Phablet တွေ နေရာယူလာ ကြပါတယ်။ သယ်ဆောင်ရတာ မခက်ခဲ သလို အသုံးပြုရတာလည်း မျက်နှာပြင် ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တာကြောင့် Phablet တွေရဲ့နှစ် ဖြစ်လာ မလား ဆိုတာ စိတ်ဝင်စား စရာပါ။ ဒီ Phablet ဈေးကွက်ကို တရုတ်နိုင်ငံ အခြေစိုက် Xiaomi တို့လို ကုမ္ပဏီ တွေလည်း ဝင်ရောက် ယှဉ်ပြိုင်လာကြတဲ့ အတွက် ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက် အတွင်းမှာ ယခုနှစ်ဟာ Phablet တွေရဲ့နှစ် ဖြစ်လာဖို့ ရှိနေပါတယ်။
လူမှုကွန်ရက် အသုံးပြုမှု
စမတ်ဖုန်းတွေ ကနေ လူမှုကွန်ရက် အသုံးပြုမှုက အတော်ကို မြင့်တက် လာပါတယ်။ ပြီးခဲ့တဲ့နှစ် အတွင်းက စမတ်ဖုန်း ကနေ မက်ဆေ့ခ်ျ ပေးပို့နိုင်တဲ့ Whats App ကို ကမ္ဘာကျော် လူမှုကွန်ရက် ဖေ့ဘွတ်က ဝယ်ယူ ခဲ့ပါတယ်။ ဝယ်ယူပြီးချိန်မှာပဲ ထပ်ပေါင်းထည့်ပေးတဲ့ ဝန်ဆောင်မှု အသစ်တွေနဲ့ မိတ်ဆက် ပေးခဲ့ပါတယ်။ ဖေ့ဘွတ်ရဲ့ မက်ဆေ့ခ်ျပေးပို့တဲ့ APP မှာလည်း ငွေလွှဲပေးပို့နိုင်တဲ့ စနစ်ကို ယခုနှစ်မှာ မိတ်ဆက် ခဲ့ပါတယ်။ ဒါတွေဟာ လူမှုကွန်ရက်တွေ အားပြိုင် လာနေမှုကို မြင်သာစေတဲ့ အချက်တွေပါ။ တခြား လူမှုကွန်ရက်တွေ ကလည်း ထပ်ပေါင်းထည့်ပေးတဲ့ ဝန်ဆောင်မှု အသစ်တွေနဲ့ ဈေးကွက်အတွင်း အားပြိုင် လာကြပါတယ်။
ယခုနှစ်ရဲ့ နှစ်လယ်နဲ့ နှစ်ကုန်ပိုင်းမှာ ဘယ်လို နည်းပညာ ကုမ္ပဏီတွေ ရှေ့ရောက် လာမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေသလို ခန့်မှန်း ပြောဆိုနေတာထက် စောင့်ကြည့် လေ့လာမှုကပဲ တိကျတဲ့ အဖြေကို ပေးနိုင်မှာပါ။ ဒါပေမဲ့ ပထမ လေးလပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးကွက် အခြေအနေတွေကို လေ့လာပြီး ကျန်တဲ့ ကာလတွေမှာ ဘာတွေ ပြောင်းလဲ လာနိုင်သလဲ ဆိုတာ တွေးတော ကြည့်ရအောင်ပါ။
Credit: Myawady WebPortal

Post a Comment

0 Comments