ဆိုးကျိုးတွေ ရှိနေတဲ့ လူမှုကွန်ရက်တွေဆီက ဘယ်လို ထွက်ခွာမလဲ


လူမှုကွန်ရက်ပေါ်က တွေ့သမျှကို ယုံကြည်နေလို့ မရပါဘူး။
ဒါ့အပြင် လူမှုကွန်ရက်တွေက စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ တကယ် လိုအပ်တဲ့ အထောက်အပံ့တွေကို မပေးနိုင်ပါဘူး။ အမုန်း စကားတွေ၊ ကောလာဟလ သတင်းတွေနဲ့ ဝါဒဖြန့်နေတဲ့ သူတွေကြောင့် လူမှုကွန်ရက်တွေက စိတ်ပျက်စရာ ဖြစ်လာ ပါတယ်။ ဆိုက်ဘာ အနိုင်ကျင့်မှုတွေကြောင့် လက်တွေ့ဘဝမှာပါ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ် . . . . . .
မြန်မာနိုင်ငံမှာ လူမှုကွန်ရက် အသုံးပြုမှုက အဆမတန် မြင့်တက် လာခဲ့ပါတယ်။ လူမှုကွန်ရက်တွေကနေ သတင်း အချက်အလက်တွေ အလျင်အမြန် သိနိုင်သလို၊ အပြန်အလှန် ဆက်သွယ်နိုင်တယ် ဆိုတဲ့ ကောင်းတဲ့ အချက်တွေ ရလာသလို စိတ်ပျက်စရာကောင်းတဲ့ အချက်တွေလည်း  အများကြီး ရှိနေပါတယ်။
သင့်ရဲ့ တစ်နေ့တာ အလုပ်ချိန် ရှစ်နာရီထဲက လူမှုကွန်ရက်ပေါ်မှာ အချိန် ဘယ်လောက် ဖြုန်းခဲ့မိသလဲ ဆိုတာ သတိထားမိပါသလား။ စစ်တမ်းတွေအရ လူမှုကွန်ရက် အသုံးပြုသူတွေဟာ အလုပ်ချိန်ထဲက တစ်နေ့ကို မိနစ် ၄ဝ မက အချိန် ဖြုန်းနေတယ်လို့ PC Mag ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။
ဘာကြောင့် စွန့်ခွာမှာလဲ
လူမှုကွန်ရက်တွေက ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းနေပါတယ်။ အလုပ်ချိန်ထဲက တစ်နေ့ကို တစ်နာရီ အချိန်ဖြုန်းနေတယ် ဆိုရင် တစ်ပတ်ကို အလုပ်ချိန်ထဲက ငါးနာရီ အချိန်ကုန်ပါတယ်။ တစ်လကို နာရီ ၂ဝ အချိန်ဖြုန်း နေတယ် ဆိုတော့ တစ်လမှာ တစ်ရက်နီးပါး အချိန်ဖြုန်း ပစ်လိုက်တာပါပဲ။ အလုပ် ချိန်ကို ထိခိုက်လာတာဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။
လူမှုကွန်ရက်ပေါ်မှာ တွေ့သမျှကို ယုံကြည်နေလို့ မရပါဘူး။ ဒါ့အပြင် လူမှုကွန်ရက်တွေက စစ်မှန်တဲ့ ပေါင်းသင်း ဆက်ဆံရေးနဲ့ တကယ်လိုအပ်တဲ့ အထောက်အပံ့တွေကို မပေးနိုင်ပါဘူး။ အမုန်း စကားတွေ၊ ကောလာဟလ သတင်းတွေနဲ့ ဝါဒဖြန့်နေတဲ့ သူတွေကြောင့် လူမှုကွန်ရက်တွေက စိတ်ပျက်စရာ ဖြစ်လာ ပါတယ်။ ဆိုက်ဘာ အနိုင်ကျင့်မှုတွေကြောင့် လက်တွေ့ဘဝမှာပါ ထိခိုက်မှုတွေ ဖြစ်လာ နိုင်ပါတယ်။
ဒီလောက်ဆိုရင် ဘာကြောင့် စွန့်ခွာသင့်တယ်ဆိုတဲ့ အဆိုအတွက် လုံလောက်မယ် ထင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း စွန့်ခွာဖို့ကတော့ မလွယ်လှပါဘူး။ လူမှုကွန်ရက်တွေကို ဘယ်လိုစွန့်ခွာမလဲ ဆိုတာကို PC Mag ရဲ့ အကြံပြုချက်တွေကို ဖော်ပြ လိုက်ပါတယ်။
အသုံးပြုတဲ့ ပမာဏကို စောင့်ကြည့်ပါ
တစ်နေ့စာ ကိုယ် အသုံးပြုလိုက်တဲ့ အချိန်နဲ့ အင်တာနက် အသုံးပြုမှု ပမာဏကို စောင့်ကြည့်ဖို့ PC Mag က တိုက်တွန်း ပါတယ်။ WiFi ဧရိယာတွေ အများကြီး မရှိသေးတဲ့ နိုင်ငံမှာ မိုဘိုင်းလ်ဖုန်းကနေ တစ်ဆင့် အသုံးပြု နေတယ်ဆိုရင် ကိုယ် အသုံးပြုတဲ့ ပမာဏအလိုက် ငွေကုန်နေမှာ ဆိုတော့ ဒီနည်းလမ်းက ထိရောက် နိုင်ပါတယ်။ ဒါ့အပြင် ကိုယ် ဘယ်လောက်အထိ အချိန်ဖြုန်းနေတယ်ဆိုတာ သိရင် လူမှု ကွန်ရက်ကို စွန့်ခွာဖို့ အထောက်အပံ့ ဖြစ်မှာပါ။
မိတ်ဆွေ စာရင်းကို လျှော့ချပါ
လူမှုကွန်ရက်ပေါ်က ကိုယ့်ရဲ့မိတ်ဆွေ စာရင်းကို လျှော့ချတဲ့ နည်းလမ်းကလည်း လူမှုကွန်ရက်က မစွန့်ခွာ ရင်တောင် အချိန်တော်တော်များများ အသုံးပြုနေမှုကို ရပ်တန့်နိုင်မှာပါ။ ကိုယ့်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မလိုအပ်တဲ့ အချက်အလက်တွေ ပြည့်နေတာက ကိုယ့်ကို အချိန် ပိုကုန်စေပါတယ်။ အပြုသဘော မဆောင်တဲ့ သူတွေ၊ ရိုင်းစိုင်းသူတွေ၊ မလိုအပ်တဲ့သူတွေကို Unfriend လုပ်ပစ် နိုင်ပါတယ်။ လိုအပ်မယ် ဆိုရင် သူ့ရဲ့ လုပ်ဆောင်ချက်တွေ လုံးဝ မမြင်ရအောင် Block ပစ်နိုင်ပါတယ်။
Notification တွေ ပိတ်ထားပါ
SMS အပါအဝင် လူမှုကွန်ရက်ပေါ်က တစ်ခုခု အသစ် ကိုယ့်ဆီဝင်လာတိုင်း အချက်ပြတဲ့ စနစ်ကို ပိတ်ထားပါ။ ဒါက ထိရောက်ပါတယ်။ Notification တွေက လူမှုကွန်ရက်တွေကို ဝင်ကြည့်ဖြစ်နေအောင် တိုက်တွန်း နေတာပါ။ ဒါကို ပိတ်ထားမယ်ဆိုရင် လူမှုကွန်ရက်ကို ဝင်ကြည့်တဲ့ အကြိမ်ရေ သိသိသာသာ လျော့ပါး သွားပါလိမ့်မယ်။
လူမှုကွန်ရက်ပေါ်က ကိုယ့်ရဲ့ အကောင့်ကို ဖျက်ပစ်ပါ
PC Mag ရဲ့ အကြံပြုချက်ကတော့ လူမှုကွန်ရက်ကို စွန့်ခွာဖို့ ရာနှုန်းပြည့် အကူအညီ ပေးပါလိမ့်မယ်။  လူမှုကွန်ရက်ပေါ်က ကိုယ်အသုံးပြုနေတဲ့ ပရိုဖိုင်နဲ့ အကောင့်ကို ဖျက်လိုက်ပြီ ဆိုမှတော့ လူမှုကွန်ရက်ထဲကို ဝင်ရောက် အသုံးပြုဖို့ကို မလိုတော့တာပါ။ အခက်အခဲတော့ ရှိတာပေါ့။ ဒါပေမဲ့ အချိန်ကုန်ပြီး စိတ်ညစ်နေ ရတယ် ဆိုရင် လုပ်သင့်ပါတယ်။
လူမှုကွန်ရက်ပေါ်က ရမယ့် ကောင်းကျိုးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဘေးထွက် ဆိုးကျိုးတွေကို မခံနိုင်တော့ဘူး ဆိုရင် PC Mag ရဲ့ အကြံပြုချက်တွေက လူမှုကွန်ရက်ကို စွန့်ခွာဖို့ အထောက်အပံ့ တစ်ခု ဖြစ်လာမှာပါ။     ။
မောင်မျိုး

Post a Comment

0 Comments