Mobile Data Usage ကို လျှော့ချနိုင်မည့် နည်းလမ်းကောင်းများ


 မြန်မာနိုင်ငံသို့ ပြည်ပ အော်ပရေတာများ ဝင်ရောက် လာခြင်းနှင့်အတူ မိုဘိုင်းအင်တာနက် စနစ်များ သိသိသာသာ ပြောင်းလဲလာသည်။ အင်တာနက် အမြန်နှုန်းများ ယခင်ကထက် ကောင်းလာသည်။ ထို့အတူ အင်တာနက် အသုံးပြုခ ကောက်ခံပုံလည်း ပြောင်းလဲလာသည်။ ယခင်က အချိန်အလိုက် ကောက်ခံခဲ့ရာမှ ယခုအခါ သုံးစွဲသည့် ဒေတာပမာဏအလိုက် ပြောင်းလဲကောက်ခံ လာသည်။ အချိန်အလိုက် ကောက်ခံစဉ်က ဒေတာပမာဏကို ဂရုမစိုက်ဘဲ သုံးချင်သလောက်သုံး၍ ရခဲ့သော်လည်း ယခုအချိန်တွင်မူ ထိုသို့မဟုတ်တော့ပေ။ ဒေတာသုံးစွဲမှုကို မချွေတာပါက ဖုန်းဘေလ် ဘယ်လောက် ထည့်ထည့် ထည့်သမျှကုန်မည့် အနေအထားမျိုး ဖြစ်သည်။ ထို့ကြောင့် မိုဘိုင်းအင်တာနက် ဒေတာသုံးစွဲမှု ပမာဏကို တတ်နိုင်သမျှ လျှော့ချပေးနိုင်မည့် နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါသည်။

(၁) Data Limit ပြုလုပ်ထားပါ။

Android နှင့် iOS တွင် data limit လုပ်ပေးနိုင်သော feature တစ်ခု ပါဝင်ပါသည်။ တစ်လအတွက် မိမိသတ်မှတ်ထားသော ဒေတာပမာဏကို ကျော်လွန်လာပါက သတိပေးသော feature တစ်မျိုးပင် ဖြစ်သည်။ ဤသို့ပြုလုပ် ထားခြင်းဖြင့် မိမိ၏ ဒေတာသုံးစွဲမှု ပမာဏကို ချင့်ချိန်နိုင်ပါသည်။ Android ဖုန်းများတွင် Settings > Wireless & Networks > Data Usage ကိုသွား၍ data limit သတ်မှတ်ထား နိုင်ပါသည်။ Iphone များတွင် Settings > Cellular > Cellular Data Usage ကို သွား၍ သတ်မှတ်နိုင်ပါသည်။

(၂) Background Data ကို restrict လုပ်ထားပါ။

ယနေ့ခေတ် smartphone များသည် RAM ပမာဏ ယခင်ကထက် ပိုမိုပါဝင်လာသည်။ ထို့ကြောင့် app များကို နှစ်ခုသုံးခု တစ်ပြိုင်နက် အသုံးပြု နိုင်လာသည်။ ကောင်းသည့် အချက်များ ရှိသော်လည်း မကောင်းသည့်အချက်မှာ app များ background တွင် တိတ်တဆိတ် အလုပ်လုပ်နေခြင်း ဖြစ် သည်။ အကျိုးဆက်အနေဖြင့် စက်လေးလာသည်။ မသုံးဘဲ ဒေတာများ သူ့အလိုလို ကုန်ကုန်လာသည်။ ထိုသို့ background app များကြောင့် data ပိုမကုန်အောင် လုပ်နိုင်သည့် နည်းမှာ background data ကို restrict လုပ်ထားခြင်းပင် ဖြစ်သည်။ Android 4.0 နှင့်အထက် ဖုန်းများတွင် Settings > Wireless & Networks > Data Usage သို့ သွားကို Restrict Background Data ကို နှိပ်ပေးခြင်းဖြင့် restrict လုပ်ထားနိုင်ပါသည်။ Iphone များတွင်မူ Settings > Notifications သို့သွားရပါမည်။ Back-ground တစ်ခုလုံး restrict မလုပ်လိုပါက app တစ်ခုချင်းစီကိုလည်း restrict လုပ်နိုင်ပါသည်။

(၃) Auto Sync ကို ပိတ်ထားပါ။

Auto Sync ဆိုသည်မှာ email များ၊ contact များ၊ notification များကို အချိန်နှင့် တပြေးညီ update လုပ်ပေးနေသော feature တစ်မျိုး ဖြစ်သည်။ ဥပမာအားဖြင့် Auto Sync ကို ဖွင့်ထားလျှင် Gmail app သည် email အသစ်ဝင်မဝင် Server သို့ ဆက်သွယ်ကာ အမြဲစောင့်ကြည့် နေမည်ဖြစ်သည်။ Google Play Newstand app ကမူ သတင်းအသစ်များကို အချိန်တိုင်း ရှာဖွေနေပေမည်။ Auto Sync ၏ အားသာချက်မှာ အချိန်နှင့်တပြေးညီ update ဖြစ်နေခြင်းပင် ဖြစ်သည်။ သို့သော် အားနည်းချက်မှာ ဒေတာ အကုန်အကျများခြင်း ဖြစ်သည်။ Auto Sync ကို ပိတ်ထားခြင်း ဖြင့် data ကို အတော်အသင့် ချွေတာနိုင်ပါသည်။ Settings > Accounts & Sync သို့ သွားကာ Auto Sync ကို ပိတ်ထားနိုင်ပါသည်။

(၄) Browser ကို ပြောင်းလဲ အသုံးပြုပါ။

Website များ တစ်ခုပြီးတစ်ခုဖွင့်ကာ အင်တာနက်တစ်ခွင် လှည့်ပတ်ခြင်းသည်လည်း ဒေတာအကုန်အကျ များပါသည်။ သို့သော် ဖုန်းတွင် အသင့်ပါသော browser ကို မသုံးဘဲ ဒေတာချုံ့ပေးနိုင်စွမ်းရှိသည့် browser များကို သုံးပါက ဒေတာအကုန်အကျ အတော်အသင့် သက်သာနိုင်ပါသည်။ Opera Mini နှင့် Chrome သည် ဤသို့သော feature ပါဝင်သည့် နာမည်ကြီး browser များ ဖြစ်သည်။ ၎င်းတို့သည် မူရင်းဒေတာ၏ ထက်ဝက်ခန့်အထိ လျှော့ချနိုင်သောကြောင့် ဒေတာချွေတာရေးအတွက် အကောင်းဆုံး app များ ဖြစ်ကြသည်။

(၅) ဒေတာများကို cache ပြုလုပ်ထားပါ။

အချို့သော app များသည် ဒေတာများကို cache ပြုလုပ်နိုင်သည့် feature ကို ထည့်သွင်း ပေးထားလေ့ရှိသည်။ cache လုပ်သည် ဆိုသည်မှာ ဒေတာများ (ဥပမာ webpage တစ်ခု၏ ဒေတာများ) ကို  ဖုန်း၏  မှတ်ဉာဏ်တွင် ယာယီသိမ်းဆည်း ပေးထားခြင်း ဖြစ်သည်။ ထိုသို့ သိမ်းထား ပေးသောကြောင့် နောက်တစ်ခါ ပြန်ကြည့်ရာတွင် အစအဆုံး ဒေါင်းစရာ မလိုတော့ဘဲ လိုအပ်သမျှကိုသာ ဒေါင်းကာမြန်ဆန်စွာ ပြန်ကြည့်နိုင်သည်။ Chrome၊ Firefox စသော browser များတွင် ဤ feature ပါဝင်သည်။ အချို့ app များကမူ ဒေတာအားလုံးကို offline အနေနှင့် သိမ်းပေးထား နိုင်သည်။ ဥပမာ Google Map သည် မိမိအတွက် အသုံးဝင်သော မြေပုံဧရိယာများကို offline map အနေဖြင့် သိမ်းဆည်းပေးထား နိုင်သည်။ ထို့ကြောင့် မိမိအသုံးလိုသည့်အခါ အင်တာနက်ဖွင့်စရာ မလိုဘဲ မြေပုံကို offline အနေဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

(၆) Browser Cache များကို မဖျက်ပစ်ပါနှင့်

cache များသည် အသုံးဝင်ကြောင်း အထက်တွင် ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။ browser ၏ cache ကို မဖျက်ဘဲ ထားခြင်းသည် ဒေတာကုန်ကျ စရိတ်ကို သက်သာစေပါသည်။ cache များကို ရှင်းထုတ်ခြင်းဖြင့် system performance ကို မြှင့်တင်နိုင်သည်ဟု ပြောကြသည်။ ဤသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ဒေတာအကုန်အကျ ချွေတာလိုပါက browser ၏ cache များကို မဖျက်ပစ်ခြင်းက ပို၍ ကောင်းပါသည်။ cache cleaner app များတွင် browser ကို Ignore List ထဲ ထည့်ထားဖို့တော့ သတိပြုရပါမည်။

(၇) သုံးသမျှ ဒေတာအားလုံးကို ချုံ့ပေးသည့် app တစ်ခုကို သုံးပါ။

Onavo Extend, Opera Max စသော app များသည် မိုဘိုင်းအင်တာနက် ဒေတာများကို ချုံ့ပေးနိုင်သည့် app များ ဖြစ်သည်။ ထို app များသည် ဆာဗာများမှ ဖုန်းသို့ ပေးပို့သော ဒေတာများကို ၎င်းတို့၏ ဆာဗာများတွင် အရင်ချုံ့ပစ်ပြီးမှ ဖုန်းသို့ ပေးပို့ခြင်းအားဖြင့် ဒေတာသုံးစွဲမှု ပမာဏကို ငါးဆခန့်အထိ လျှော့ချ ပေးနိုင်သည်။ ဖုန်းသို့ ဝင်သမျှ (ဖုန်းကဒေါင်းသမျှ) ဒေတာများကို ချုံ့ပေးနိုင်သောကြောင့် ဒေတာချွေတာရေးအတွက် အလွန်အသုံးဝင်သာ app များပင် ဖြစ်သည်။

(၈) Ads များကို ပိတ်ပါ။

Tubemate, MX Player ကဲ့သို့သော free app အများစုတွင် ads များ ထည့်သွင်းထားလေ့ ရှိသည်။ အင်တာနက်ပိတ်၍ ထို app များကို သုံးပါက ပြဿနာ မရှိသော်လည်း အင်တာနက်ဖွင့်၍ သုံးသည့်အခါ ၎င်းတို့သည် ads အများအပြားကို download ဆွဲကာ ဖော်ပြတော့သည်။ ထို ads များသည် စိတ်အနှောင့်အယှက် ပေးရုံသာမက ဒေတာအများ အပြားကိုလည်း သုံးစွဲပစ်တတ်ပါသည်။ free app များကို offline သုံးခြင်းဖြင့် သို့မဟုတ် premium app များ အသုံးပြုခြင်းဖြင့် ဤပြဿနာကို ဖြေရှင်းနိုင်ပါသည်။ ထို့ပြင် ad blocker appများ၊ firewall appများကို သုံး၍လည်း ဖြေရှင်းနိုင်ပါသည်။ သို့သော် မိမိဖုန်းကို root ဖောက်ထားဖို့တော့ လိုပါသည်။

(၉) ဖိုင်ဆိုဒ်ကြီးသည်များကို Wi-Fi ရမှသာ download ပြုလုပ်ပါ။

Wi-Fi ရသော ကော်ဖီဆိုင်သို့သွား၊ ကော်ဖီတစ်ခွက်မှာ သောက်ကာ update များ၊ game data များကို အားရပါးရ ထိုင်ဒေါင်းပါ။ မိုဘိုင်းအင်တာနက်ကို မသုံးမဖြစ်သည့် ကိစ္စများ (ဥပမာ chatting ထိုင်ခြင်း) အတွက်သာ အသုံးပြုပါ။ ဤနည်းသည်လည်း မိုဘိုင်းအင်တာနက် ဒေတာကုန်ကျမှုကို လျှော့ချပေးနိုင်ပါသည်။ သို့သော် ကော်ဖီဖိုးက download data ကုန်ကျစရိတ်ထက် မများစေဖို့တော့ လိုပါလိမ့်မည်။

Credit: Internet Journal

Post a Comment

0 Comments