Instagram တွင် resolution မြင့်မားသည့် ဓာတ်ပုံများ ဝေမျှနိုင်မည်


Facebook ပိုင်ဆိုင်သည့် ဓာတ်ပုံဝေမျှသည့် app ဖြစ်သော Instagram သည် သုံးစွဲသူများက resoludion မြင့်မားသည့် ဓာတ်ပုံများ ဝေမျှနိုင်ရန် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

Instagram သည် ၎င်း၏ iOS နှင့် Android app များတွင် 1080 x 1080 pixels ဓာတ်ပုံများအတွက် အထောက်အပံ့များ ထည့်သွင်းခဲ့ကြောင်း ကုမ္ပဏီ၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ ၎င်း feature ကို တစ်ဖြည်းဖြည်းချင်း ဖြန့်ချိသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအားလုံး update ရရှိနိုင်ခြင်း ရှိ၊ မရှိကိုမူ အဆိုပါ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့ခြင်း မရှိပေ။

နာမည်ကျော် ဓာတ်ပုံဝေမျှသည့် ဝန်ဆောင်မှုများအနက် တစ်ခုအပါအဝင် ဖြစ်သည့် Instagram ကို ကမ္ဘာတစ်ဝန်းမှ လစဉ် သုံးစွဲသူဦးရေ သန်း ၃၀၀ ကျော်ရှိသည်။ ၎င်း application ကို သုံးစွဲသူများသည် ဓာတ်ပုံများ ရိုက်ကူးကာ filter များထည့်သွင်းပြီး သူငယ်ချင်းများထံ ဝေမျှနိုင်သည်။ အဆိုပါ ဝန်ဆောင်မှုကို ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် Facebook က အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

Instagram ကို စတင်ချိန်က 640x640 pixels ဓာတ်ပုံအရွယ်အစားကိုသာ ဝေမျှနိုင်ရန် ကန့်သတ်ထားသည်။ ထိုအချိန်ကလည်း အရွယ်ကြီးမားသည့် ဓာတ်ပုံများကို ရိုက်ကူးနိုင်သည့် မိုဘိုင်းထုတ်ကုန်မှာလည်း အများအပြား မရှိသေးပေ။

ဓာတ်ပုံအရွယ်အစားကို 1080x1080 pixel ဖြင့် အထောက်အပံ့ပေးခြင်းကြောင့် မိုဘိုင်းထုတ်ကုန်များရှိ နောက်ဆုံးပေါ် ကင်မရာများနှင့် ရိုက်ကူးထားသည့် ဓာတ်ပုံများကို ထင်ရှားပြတ်သားစွာဖြင့် ဝေမျှနိုင်တော့မည် ဖြစ်သည်။

Ref: CNET
Credit: Internet Journal

Post a Comment

0 Comments