အစိုးရရုံးဌာနများ၏ e-Government စနစ် အသုံးပြုနိုင်မှုကို ကမ္ဘာ့ဘဏ် အဖွဲ့အစည်း ထောက်ပံ့မှုပေးမည်ဟုဆို



ကမ္ဘာ့ဘဏ်အဖွဲ့အစည်းသည် မြန်မာနိုင်ငံ အစိုးရရုံးဌာနများ e-Government စနစ်ကို လက်တွေ့စနစ်တကျ အသုံးပြုလာနိုင်စေရန် အတွက် ပံ့ပိုးမှုပေး သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ စုံစမ်း သိရသည်။

မြန်မာနိုင်ငံ၏ အီလက်ထရွန်နစ် အစိုးရလုပ်ငန်းများဖြစ်သော e-Government စီမံကိန်း အောင်မြင်ရန်အတွက် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းက အကူအညီပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ သိရသည်။

ယခုလက်ရှိအချိန်တွင် အစိုးရရုံးဌာနအချို့သည် ၎င်းတို့၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကွန်ပျူတာစနစ်သို့ ကူးပြောင်းလုပ်ဆောင်လာနေပြီ ဖြစ်သော်လည်း ကျန်ရုံးဌာနအများစုမှာမူ စာရွက်စာတမ်းများနှင့်သာ အဓိကလုပ်ဆောင်နေကြဆဲဖြစ်ကြောင်း နေပြည်တော် အစိုးရရုံးဌာနအချို့မှ စုံစမ်းသိရသည်။

ထို့အပြင် အများပြည်သူနှင့် ဆက်စပ်လုပ်ကိုင်နေရသည့် ရုံးဌာနများတွင် ယခုအချိန်အထိ စာရွက်စာတမ်းစနစ်ကိုသာ အဓိက အားပြုနေဆဲဖြစ်သောကြောင့် လုပ်ငန်းကြန့်ကြာခြင်း၊ လာဘ်ပေးလာဘ်ယူကိစ္စများ ရှိနေဆဲဖြစ်ခြင်း အစရှိသည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း အထက်ပါရုံးဌာနများနှင့် လုပ်ကိုင်ဖူးသူအချို့ထံမှသိရသည်။

မြန်မာနိုင်ငံ အစိုးရရုံးဌာနများ e-Government စနစ်ကို လက်ရှိထက် စနစ်တကျ အသုံးပြုနိုင်စေရန်အတွက် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းက လာမည့် ယခုဘဏ္ဍာနှစ်အတွင်း အပြည့်အဝ အကူအညီပေးနိုင်ရန် ဆောင်ရွက်နေသည်ဟု အထက်ပါဝန်ကြီးဌာနနှင့် နီးစပ်သည့် ကွန်ပျူတာလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

ထို့အပြင် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် နေထိုင်သည့် ဒေသခံများ မိုဘိုင်းဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပိုမိုအသုံးပြုလာစေရန်အတွက် လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း ပေးသွားရန်ရှိကြောင်း အထက်ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်းမှ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာစေရေးနှင့် ပြည်တွင်းနေထိုင်သူများ အဆင့်မြင့် ဆက်သွယ်ရေးစနစ်နှင့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန်အတွက် ယခုကဲ့သို့ ကူညီပေးရခြင်းဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ဆက်သွယ်ရေးဖွံ့ဖြိုးမှု ပိုမိုလိုအပ်သည့် အဆိုပါနယ်စပ်ဒေသများတွင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ပိုမိုချဲ့ထွင်နိုင်စေရန်နှင့် ယင်းနှင့် ဆက်စပ် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုရှိလာစေရန်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်အဖွဲ့အစည်းသည် ပြည်တွင်း၌ National Gateway များတည်ဆောက်ခြင်း၊ Data Center များ တည်ဆောက်ခြင်းနှင့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် တိကျသည့် စံချိန်စံညွှန်းများကို နိုင်ငံတကာနှင့်တန်းတူ သတ်မှတ်ပြဋ္ဌာန်းပေးနိုင်ရန် အစရှိသည့် လုပ်ငန်းများ အကောင်အထည် ပေါ်လာရန်အတွက် ပံ့ပိုးမှုများပြုလုပ် ပေးသွားရန် သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးဖြစ်ကြောင်း သိရသည်။

Credit: Internet Journal

Post a Comment

0 Comments